မာဓိကာ

🌏 သင်နိုင်ငံခြားမှာ ပညာသင်ဖို့ အဆင်သင့် ဖြစ်ပြီလား။ 🌎

   Nov 5, 2020     1 မိနစ် ဖတ်ဖို့ ကြာသည်

At the highest point of Czech Republic

မင်္ဂလာပါ။

အထက်ပါ အကြောင်းအရာက ခြူးကို ဒီ Page ထောင်ရတဲ့ အကြောင်းအရင်း များစွာထဲကတစ်ခုပါ။ ကျောင်းသူကျောင်းသား တော်တော်များများက နိုင်ငံခြားသွားပြီး ပညာသင်မယ်ဆိုရင် စာပိုင်းအရ ဘာတွေ ပြင်ဆင်ရမလဲ၊ နောက် ကျောင်းပြီးရင် အလုပ် ရနိုင်လား စတဲ့ အရာတွေကို အဓိက မေးမြန်းကြတယ်။ အဲဒါတွေက မမေးရဘူး မဟုတ်ပါဘူး၊ မေးပါ၊ အရေးကြီးပါတယ်။ ဒါပေမယ့် အဲဒီ့ ကြားထဲက ကျောင်းတက်နေတဲ့ အချိန်တွေကရော၊ နိုင်ငံခြားက တက္ကသိုလ်တွေက ဝင်တာနဲ့ အောင်ရောလား၊ ကိုယ့်နိုင်ငံမှာလိုပဲ နေပြီး စာထိုင်ဖတ်နေရုံနဲ့ ပြီးရောလား။

ဒီအကြောင်းအရာတွေကို တစ်ယောက်မှ မမေးကြသလို နိုင်ငံခြားမှာ ပညာသင်ရင် ကျောင်းနေချိန်မှာ ကိုယ်ဘယ်လို ရပ်တည်ရမလဲ ဆိုတာ ထည့်စဉ်းစားရမယ့် အရာတစ်ခုဆိုတာ မတွေးမိကြသလိုပါပဲ။

ခြူးကို တစ်ချို့ မြန်မာလူကြီးတွေကပြောတယ် “ဘာလို့နိုင်ငံခြားသွားပြီး ကျောင်းသွားတက်စရာလိုလဲ။” “မြန်မာပြည်မှာလဲ ကျောင်းတက်ပြီး အလုပ်လုပ်လို့ ရတာပဲ။” “အလကား မိဘပိုက်ဆံအကုန်ခံပြီး နိုင်ငံခြားမှာ ဒုက္ခသွားခံတယ်။” ခြူးရဲ့မိဘတွေကိုကျတော့လဲ “ဘာလို့သမီးတစ်ယောက်ထဲ နိုင်ငံခြားလွှတ်လဲ။” “ကိုယ့်သမီးကိုယ် နင်တို့မို့လို့ လွှတ်ရက်တယ်။” “ငါ့သားသမီးဆိုရင် အဲလိုမလုပ်ဘူး။ ရင်ခွင်ထဲပဲ မျက်စိအောက်ထဲပဲ ထားထားမှာ။” စတာတွေပေါ့။

ခြူးအဲလိုတွေ အပြောခံရတဲ့ အချိန်တွေမှာ ဘာမှ ပြန်မပြောပါဘူး။ ငြိမ်ငြိမ်လေးပဲ နေခဲ့တယ်။ သူတို့ကို ဒေါသထွက်လို့ မရသလို အပြစ်တင်လို့မရပါဘူး။ ဘာလို့ဆိုတော့ သူတို့ပြောချင်တာလဲ ခြူးနားလည်တာမို့ပါ။

ခြူးနိုင်ငံခြားသွားပြီး ကျောင်းတက်ချင်တဲ့ ရည်ရွယ်ချက်တွေကတော့ လောကကြီး အကြောင်းကို ပိုသိချင်တယ်၊ အတွေ့ အကြုံသစ်တွေ ရချင်တယ်၊ အသိပညာ တိုးပွါးချင်တယ်။ ခြူး ငယ်ငယ်က အိမ်မှာ အဖေ့ရဲ့ စာအုပ်စင်ကြီး တစ်ခု ရှိခဲ့တယ်။ အဖေကလဲ တိုးတက်ချင်သူတစ်ယောက် ဖြစ်တဲ့ အတွက် စာအုပ်စင်မှာ စိတ်ခွန်အားနဲ့ ဆိုင်တဲ့ စာအုပ်တွေ၊ လောကကြီးအကြောင်းကို ပြီပြီပြင်ပြင်ရေးထားတဲ့ ဦးဖေမြင့်ရဲ့ ဘာသာပြန်စာအုပ်တွေ၊ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ စာအုပ်တွေ စတာတွေကို လက်လှမ်းမှီသလောက် ဆွဲဆွဲယူပြီး ဖတ်ခဲ့တယ်။ ဒါပေမယ့်ခြူးက ကလေးဆိုတော့ လောကကြီးနဲ့ ဆိုင်တဲ့ စာအုပ်တွေသာ ဖတ်နေရတာ လောကကြီးကို တစ်ခါမှလဲ ရင်ဆိုင်ဖူးတာမဟုတ်။ ဘာ တွေ့အကြုံမှမရှိ။ တစ်နေ့တစ်နေ့ အဖေရှာကျွေးတာစား၊ အမေချက်ပေးတာ အဆင်သင့်မြို။ ခြူး ဘဝကြီးကို အားမရခဲ့ဘူး။

ခြူးရဲ့ မိဘတွေက ငယ်ငယ်ကထဲက စည်းကမ်းကြီးပါတယ်။ အဖေက ခြူးတို့ မောင်နှမ နှစ်ယောက်ရဲ့ ပညာရေးနဲ့ ပတ်သက်လာရင် ဘယ်တော့မှ ကပ်စေးမနဲဘူး၊ မတွန့်တိုဘူး။ အဖေက အမြဲ အလုပ်လုပ်နေသူဆိုတော့ အိမ်မှာ အမေနဲ့ပဲ ကြီးပြင်းခဲ့ရတယ်။ အမေက ခြူးတို့ကို အမြဲခိုင်းတယ်။ အဝတ်လျှော်၊ အဝတ်လျှမ်း၊ ကြမ်းတိုက်၊ ဖုန်သုတ်၊ ကားရေဆေး၊ ဟင်းချက် ထမင်းချက်ရင်လဲ ဝင်ကူခိုင်း၊ အစုံပါပဲ။ ခြူးကတော့ ငယ်ငယ်တုန်းကတော့ ညီးညူတာပေါ့၊ အခုတော့ ကျေးဇူးတင်တာပေါ့။

ညီလေးတို့ ညီမလေးတို့ကို သိစေချင်တာက နိုင်ငံခြားမှာအောင်အောင် မြင်မြင်နဲ့ပညာသင် ပြီးမြောက်ဖို့ဆိုတာ စာတော်ရုံ၊ မိဘ ပိုက်ဆံရှိရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အား၊ လောကဓံကို ခံနိုင်မှု စွန်းအား၊ ကိုယ်ခြေထာက်ကို ရက်တည်နိုင်မှု၊ စတာတွေနဲ့ အခြေခံရတာပါ။ နောက်ပြီး ခြူးရဲ့ မိဘတွေကလဲ ခြူးကို မချစ်လို့ နိုင်ငံခြား လွှတ်တာ မဟုတ်ပါဘူး။ သူတို့ ပြုစုပျိုးထောင်မှုကို ယုံကြည်လို့၊ ခြူးကို ယုံကြည်လို့ပါ။

နိုင်ငံခြားမှာ ပညာသင်ဖို့ဆိုရင် လူငယ်တွေရဲ့ ကြိုးစားမှုအပိုင်းကလဲ အရေးကြီးသလို လူကြီးတွေရဲ့ ကိုယ့်ရဲ့ သားသမီးတွေကို ပြုစုပျိုးထောင်မှု အပိုင်းကလဲ အင်မတန် အရေးပါပါတယ်။

အခုခေတ်ကလေးတွေက စာမဖတ်ချင်ကြဘူး။ မိဘတွေကလဲ ကိုယ့်သားသမီးကို မခိုင်းရက်၊ မခွဲရက်၊ မခွါရက်။ မလုပ်ကြပါနဲ့။ သားသမီးဆိုတာ မိဘကဖော်ပေးတဲ့ ပုံစံခွက် အတိုင်း ကြီးပြင်းရတာပါ။ ငယ်ငယ်ကထဲက ဘာမှ မခိုင်းရက်၊ မပြောရက်ထားပြီး အသက် နှစ်ဆယ်ကျော် သုံးဆယ်ရောက်တော့မှ “နင်ဘာမှ မသုံးမကျဘူး။” မဟောက်ပါနဲ့။ ငယ်ငယ်ကထဲက ကိုယ့်သားသမီးကို လုပ်တတ်ကိုင်တတ်အောင် သင်ပါ။ လုပ်ရဲ ကိုင်ရဲတဲ့ စိတ်ရှိအောင် ခိုင်းပါ။ စာဖတ်ခိုင်းပါ။

ဒီပို့စ့်ကို ရေးဖြစ်သွားတာက တချို့ မြန်မာပြည်က ကလေးတွေ ဒီမှာ ကျောင်းလာတက်ကြပါတယ်။ တစ်ပတ်အကြာ၊ တစ်လအကြာနေပြီးနောက် ပြန်သွားကြပါတယ်။ စာမတော်လို့မဟုတ်ပါဘူး။ လောကဓံ မခံနိုင်ကြလို့ပါ။

နောက်လာမယ့် ညီငယ်ညီမငယ်များကလဲ နိုင်ငံခြားကျောင်းတက်တော့မယ်ဆိုရင် စာဘတ်ပိုင်းကြည့်ပဲ မပြင်ဆင်ပဲ ကိုယ့်ကိုယ်ကို ရက်တည်နိုင်အောင် အခြေခံကျတဲ့ အတတ်ပညာတွေကို လေ့လာပါ။ ဥပမာ ချက်နည်းပြုတ်နည်း၊ အိမ်သန့်ရှင်းရေး လုပ်နည်း၊ အဝတ်လျှော်နည်း စတာတွေက မိဘတွေနဲ့ နေတဲ့ အချိန်တွေမှာ အသေးအဖွဲတွေလို မြင်ပေမယ့် တစ်ယောက်ထဲ နေတဲ့ အချိန်မှာ အဲဒီအရာတွေ မလုပ်တတ်ရင် တော်တော် ဒုက္ခရောက်ပါလိမ့်မယ်။ နောက်ပြီး နိုင်ငံခြားသွားပြီဆိုရင် ဘယ်သူ့ကိုမှ အားကိုးဖို့ စိတ်မကူးပါနဲ့။ ရောက်တဲ့ နေရာမှာ သူငယ်ချင်း အသိုင်းအဝိုင်းတွေ မြန်မာ မိတ်ဆွေတွေ ရှိရင်တောင် ကိုယ်စိတ်ဓါတ်ကျတဲ့ အချိန်တွေမှာ သူတို့က အားပေးနိုင်ရုံမျှသာရှိပြီး တစ်ကယ်တမ်း ရုံးထွက်နိုင်ဖို့က မိမိကိုယ်ကိုယ်သာ အားကိုးရမှာပါ။

အဲဒီတော့ ခြူးရဲ့ Page မှာ နိုင်ံခြားမှ ပညာသင်ရင်း တွေ့ကြုံရမယ့် အခက်အခဲတွေ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို ဆက်ရေးဖို့ရှိပါတယ်။

စာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ 💕

ခြူးရဲ့ ဒီဆောင်းပါးလေးကို ဖတ်ရတာ ကျေနပ်တယ်၊ နောက်ဆက်ပြီး ဆောင်းပါးများ ထပ်ရေးနိုင်အောင် အားပေးချင်တယ် ဆိုရင် ခြူးကို ဒီလင့်(ခ) လေးကနေ စာအုပ်ဝယ်ပေးလို့ ရတယ်နော်။