မာဓိကာ

☃️🧣 ဆောင်းတွင်း အအေးဓံ ခံနိုင်အောင် ဘယ်လို ဝတ်ရမလဲ 🧣☃️

   Dec 3, 2020     4 မိနစ် ဖတ်ဖို့ ကြာသည်

Lovely snow!

မင်္ဂလာပါ။

ချက်နိုင်ငံမှာ လောလောဆယ် ဆောင်းရာသီရောက်ရှိလို့ လာပါပြီ။ သက်ရွက်တွေ ကြွေကုန်ပြီးလို့ သစ်ကိုင်းခြောက်တွေပဲ ကျန်ခဲ့လို့ နေပါပြီ။ ယခု ခြူးစာရေးနေရင်း အပြင်မှာ နှင်းတွေလဲ တဖွဲဖွဲကျလို့ နေပါပြီ။ မြေပြင်တွေလဲ စိမ်းရာကနေ ဖြူဖွေးလို့နေပါပြီ။ သစ်ကိုင်းခြောက်တေလဲ သစ်ရွက်တွေ သယ်ရာ ဘဝကနေ နှင်းထုတွေ သယ်ရာ ဘဝသို့ ပြောင်းလဲ နေပါပြီ။ မြစ်ချောင်းတွေ၊ ရေကန်တွေလဲ စကိတ်စီးဖို့ အသင့် စတင်ခဲစ ပြုလာပါပြီ။ ဪ ဆောင်းရာသီရယ် လှလိုက်တာ။

အဲ ဒါကတော့ ခြူး ချက်နိုင်ငံကို ရောက်ပြီး ၄ နှစ်ကြာမှ ခံစားရတာပါ။ ရောက်ရောက်ချင်းကတော့ ဒီလို။ “အမယ်လေး လေး။ အေးလိုက်တာ။”အပြင်ထွက်လိုက်တာနဲ့ “ငါ့လက်တွေ ခဲနေတာ ဘာမှ ခံစားလို့ မရတော့ဘူး။” “ငါ့နားရွက်တွေ ဘယ်ရောက်ကုန်ပြီလဲ။” “နှာခေါင်းရော ပါးစပ်ပါ ခဲ။ နှာရည်တွေစီး၊ အိမ်ရောက်တာနဲ့ ချောင်းဆိုး၊ ချွဲကျပ်၊ ဖျား။ ဟဲ့ ဆောင်းရာသီဆိုတာ ဒုက္ခပေးတဲ့ ရာသီ။”


ဒီပို့စ်ထဲမှာတော့ ဆောင်းရာသီ မှာ ခြူး ရောက်ရောက်ချင်းကလို ရာသီဥတုဓံ မခံရအောင် အဝတ်အစား စနစ် လေးတွေရေးပေးမှာပါ။

ချက်နိုင်ငံကို ကျောင်းလာတက်မယ်ဆိုရင် ကျောင်းတော်တော်များများက အောက်တိုဘာလ ကနေ စကြပါတယ်။ အောက်တိုဘာလရဲ့ အပူချိန်ကတော့ နေတဲ့ အရပ်ပေါ်မူတည်ပြီး ၁၀ ကနေ ၁၅ ဒီဂရီ (10-15 Degree Celsius) လောက်ရှိပါတယ်။ နောက်နိုဝင်ဘာ လလယ် ကနေ ဒီဇင်ဘာလထဲ ကျတော့ သုည ကနေ ၅ ဒီဂရီလောက်၊ ရေခဲသေတ္ထာ အအေးခန်း အပူချိန်လောက် ပဲ ရှိပါတော့တယ်။ ပြီးရင် ဒီဇင်ဘာ လကုန်ပိုင်းကနေ ဖေဖဝါရီလ လောက်ဆိုရင် အပူချိန်က အနှုတ်ပြပါတော့တယ်။ ခြူး ပထမနှစ် စာသင်တုန်းကဆိုရင် အနှုတ် ၂၅ ဒီဂရီ (-25 Degrees Celsius) အထိ အအေးဆုံး ကြုံခဲ့ ရပါတယ်။ မနှစ်ကတော့ -15 လောက်ပါပဲ။

အဲဒီတော့ ဒီက တက္ကသိုလ်တွေက ပထမ semester ကို winter semester လို့ ခေါ်ပြီး ဒုတိယ semester ကိုတော့ summer semester လို့ ခေါ်ဝေါ်ကြပါတယ်။ အဲဒီ့တော့ ညီငယ် ညီမငယ်များ ချက်နိုင်ငံကို ပညာလာသင်မယ် ဆိုရင် ပထမဦးဆုံး ရာသီဥတုဓံကို အရင်ဆုံး တွေ့ကြုံရမှာပါ။

အဝတ်အစား စနစ်

ဒီ အနောက်နိုင်ငံတွေမှာ ဆိုရိုးစကား တစ်ခုရှိပါတယ်။ “There’s no such thing as bad weather. Just bad clothing.” ရာသီဥတုဆိုးတယ်ဆိုတာ မရှိပါဘူး၊ မဝတ်စားတတ်တာပဲ ရှိတာပါတဲ့။ ပြောချင်တာက ဆောင်းတွင်း အဝတ်အစား ကို စနစ်ကျကျ ဝတ်တတ်ရင် အေးတယ်ဆိုတာ မရှိတော့ပါဘူး။

ခြူးပထမဆုံးပြောပြချင်တဲ့ အချက်ကတော့ “3-layer system” အကြောင်း။ အဝတ်အစား သုံးလွှာ သို့မဟုတ် သုံးထပ်။ သုံးထပ်ဆိုလို့ ကြောက်မသွားပါနဲ့။ ဖတ်ထုပ်လို မဖြစ်အောင် ဝတ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

ပထမ အလွှာ - Base layer ခန္ဓာကိုယ် အပေါ်ပိုင်း ကနေ စပြီး ပြောပြပါ့မယ်။ Base layer ကို နှစ်မျိုး ရှိပါတယ်။ ရိုးရိုး ရှပ်အင်္ကျီ (T-shirt) နဲ့ Thermal wear. Thermal wear ကတော့ အေးတတ်တဲ့ သူ သို့မဟုတ် အနှုတ်ပြ နေတဲ့ အပူချိန်တွေမှာ ဝတ်ရတာပါ။ Thermal wear တွေကို ရွေးရင် ချည်သား (Cotton) မရွေးပါနဲ့၊ ချည်သားဟာ ချွေးနဲနဲ့ ထွက်တာနဲ့ ချွေးကို စုတ်ယူပါတယ်။ အဲဒီ့အတွက်ကြောင့် base layer က အနွေးပေးမယ့် အစား အအေးပေးနေပါလိမ့်မယ်။ အဲဒီတော့ base layer ရွေးမယ်ဆိုရင် Polyester အသား သို့မဟုတ် သိုးမွေးသား (Wool) ရွေးပါ။ သူတို့တွေက ချွေးမစုတ်ပါဘူး၊ အဲဒီ့ အတွက်ကြောင့် သူတို့ကို breathable materials လို့လဲ ခေါ်ကြပါတယ်။ အကောင်းဆုံးနဲ့ အနွေဆုံး base layer ကတော့ Merino Wool နဲ့ လုပ်ထားတဲ့ Thermal wear တွေပါ။ သူတို့ကတော့ စျေးကြီးပါတယ်။ ဒါပေမယ့် ပေါ့ပါးတယ်၊ အသားက ပါးတယ်၊ ချွေးနဲ့ မစွဲဘူး။ ဒါကြောင့် သူ့ကို ဆောင်းတွင်း အားကစား လုပ်ရင်လဲ ဝတ်လို့ရတယ်။ နောက်တစ်မျိုးကတော့ Polyester Wool blend Thermal wear ပါ။သူကတော့ အရောပေါ့၊ အဲဒါကြောင့် သိုးမွေးသီးသန့် thermal wear လောက် စျေးမကြီးသလို အနွေးဓါတ်ကိုလဲ Polyester သီးသန့် အင်္ကျီ ထက်ပိုပေးပါတယ်။ စျေးကလဲ အသင့်အတင့်လောက်ရှိပါတယ်။ Thermal wear ဘောင်းဘီ ရွေးမယ် ဆိုရင်လဲ အထက်ပါ အချက်အတိုင်း ထည့်စဉ်းစား သင့်ပါတယ်။

ဒုတိယ အလွှာ - mid-layer ဒီ အလွှာရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အပူဓါတ် သိုလှောင်ထားခြင်း (Insulation) ပါ။ mid-layer ကတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ရဲ့ ထုတ်တဲ့ အပူဓါတ်ကို အပြင် မရောက်အောင် ထိမ်းပေးထားတဲ့ သဘောပါ။ mid-layer ဥပမာ တချို့ကတော့ ဆွယ်တာများ (sweaters)၊ ခေါင်းစွပ် အင်္ကျီ များ (hoodies)၊ အနွေးထည် အင်္ကျီ များ (cardigans)၊နောက်ပြီး ဒီဘက်မှာ အဝတ်များတဲ့ Fleece jackets များ၊ ဘဲမွေး သို့မဟုတ် polyester ထည့်ထားတဲ့ vests များ ပါဝင်ပါတယ်။ ဒါကတော့ကိုယ့်ရဲ့ ဖက်ရှင် အပေါ်မူတည်ပြီး ရွေးချယ် ဝတ်လို့ ရပါတယ်။ ခြူးအနေနဲ့ အကောင်းဆုံး mid-layer ကတော့ Fleece jacket ပါ။ Fleece ကတော့ polyester အသားနဲ့ လုပ်ထားတာဖြစ်ပြီး၊ အသားက ပွပွလေး ပေမယ့် အထူကြီး မဟုတ်ပါဘူး။ Fleece jacket တွေက ပေါ့ပါးတယ်၊ ချွေးမစုတ်ဘူး၊ သူ့ကို ပူချိန်နွေးလာလို့ ခေါက်ထည့်ရင်လဲ မကျေဘူး၊ အားကစားလုပ်ရင်လဲ ဝတ်လို့ရပါတယ်။

တတိယ အလွှာ - Top layer Top layer ကတော့ အပြင်အအေးလောကနဲ့ ကိုယ့်ရဲ့ အနွေးလောက ကြားထဲက အလွှပေါ့။ သူက အဓိက လေကာပေးရပါမယ် (wind resistant)၊ ရေကာပေးရပါမယ် (rain and snow resistant)၊ အနွေးဓါတ်ကိုလဲ အပြင်မရောက်အောင် ကာနိုင်ပေးရပါမယ်။ သူတို့ကို ခြုံပြီး outer jackets လို့ခေါ်ပါတယ်။ Outer Jacket ကတော့ မျိုးစုံရှိပါတယ်။ ဘဲမွေး (Down jackets) တွေကေတော့ စျေးအကြီးဆုံးနဲ့ အနွေးဆုံးပါ။ ဒါပေမယ့် သူ့ကို ထိမ်းသိမ်းရခက်တယ်၊ နှင်းများများကျလာရင် ဘဲမွေးတွေကြား ရေစိမ့်ဝင်လာပြီး အနွေးဓါတ် လျော့လာတတ်ပါတယ်။ နောက်တစ်မျိုးက ပါကာ (Parker Jackets) ပါ။ ခြူးရဲ့ အကြိုက်ဆုံး outer jacket ပေါ့။ သူကတော့ ပုံစံမျိုးစုံ၊ စတိုင်ကျကျ လေးတွေ လာပါတယ်။ ပါကာတွေရဲ့ တည်ဆောက်ပုံကတော့ ဒီလိုပါ။ အပြင်အသားက လေမတိုးဘူး၊ မိုးနဲ့ နှင်းမစိုဘူး၊ သူ့ကို ခါလိုက်ပြီး အခြောက်လှမ်းထားရင် ခဏလေးနဲ့ ခြောက်သွားရော၊ တင်နေတဲ့ ရေကို လက်နဲ့ သက်မချပါတဲ့၊ အထဲရေ ဝင်တတ်ပါတယ်။ ပြီးတော့ jacket တစ်ခုလုံးကို Polyester padding ပိုလီအက်စတာ ထည့်ထားတဲ့ ဟာကို ရှာပါ။ polyester padding ကနွေးစေတဲ့ အပြင်၊ ရေဝင်ရင်လဲ ခဏလေးနဲ့ ခြောက်ပါတယ်။ နောက်ပြီး တချို့ Parker jacket တွေရဲ့ အတွင်းသားမှာ ပိုနွေးအောင် အမွေးတု ကို ရင်ဘတ်ပိုင်း ကျောပိုင်းမှာ တပ်ထားတာ ရှိပါတယ်။ နောက် တစ်မျိုးကတော့ ဒီဘက်မှာ ခေတ်စားနေတဲ့ Soft-shell jackets ပါ။ သူက အသားက ခတ်မာမာ၊ ဒါပေမယ့် elastic ဖြစ်တယ်၊ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရတယ်၊ မိုးကာတယ်၊ လေမတိုးဘူး နောက် breathable ဖြစ်တယ်။ သူ့ကို အားကစားလုပ်တဲ့ နေရာမှာ သုံးလို့ရသလို အပြင်သွားရင်လဲ ဝတ်လို့ ရတယ်။ Soft-shell ဘောင်းဘီဆိုပြီးတော့လဲ ရှိပါတယ်။ စကီး (ski) စီးရင် ဝတ်ကြပါတယ်။

ဒီ Three layer system ကို ခြူးက ကိုယ့် အတွေ့ အကြုံအရ ပြောပြပေးထားတာပါ။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက် မတူကြသလို စနစ်လဲ ကွဲပြားမှာပါ။ စာဖတ်သူကတော့ ဒီစနစ်ကို အခြေခံပြီး ကိုယ်နဲ့ အသင့်တော်ဆုံး ဝတ်စားပုံကို ရွေးချယ်ပါ။

နောက်ပြီးတော့ ကိုယ့်ရဲ့ ခေါင်း၊ လည်ပင်း၊ လက်၊ ခြေထောက် စတာတွေ နွေးဖို့ ကလဲ အင်မတန် အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အဝတ်အစား စနစ်က ခန္ဓာကိုယ်ရဲ့ အပူချိန် (body heat) ကို ထိန်းထားပြီ ဆိုပါစို့၊ ခေါင်းတွေ ခြေထောက်တွေ ကာမထားရင် ဒီအပူဓါတ်တွေက အဲဒီနေရာကနေ အပြင်ကို ရောက်ကုန်မှာပါ။

ခေါင်းပိုင်း ခေါင်းပိုင်းမှာ အဓိက ကာရမှာတော့ နား၊ နှာခေါင်းနဲ့ နှုတ်ခမ်း တွေပါ။ သူတို့တွေက အပြင်ပိုင်းရောက်နေတာ ဖြစ်တဲ့ အတွက် ခန္ဓာကိုယ်ရဲ့ အပူဓါတ်က အရမ်းအေးလာရင် သူတို့ကို အပူပေးမထားနိုင်ပါဘူး၊ ဒါ့ကြောင့် နားရွက် ကိုက်တာတွေ၊ နှာယိုတာတွေ၊ နှုတ်ခမ်းအပ်တာတွေ ဖြစ်တတ်တာပါ။

နားကို ကာဖို့ဆိုရင် ဦးထုပ်ကောင်းကောင်းရှာပါ၊ ဦးထုပ်တိုင်းကလဲ နားမနွေးစေပါဘူး အထူးသဖြင့် မိန်းခလေး တွေပေါ့၊ ဆံပင်ရှည်ရှိတဲ့ အတွက်ကြောင့် တချို့ ဦးထုပ်တွေက ဝတ်နေရင်း ချောင်ပြီး နားရွက်အထက် ရောက်ရောက်သွားတတ် ပါတယ်။ အဲဒီတော့ ဆောင်းတွင်း ဦးထုပ်ရှာမယ်ဆိုရင် ဦးထုပ်အဝမှာ အစည်းပြား (elastic band) ကြီးကြီးပါတဲ့ ဦးထုပ်ကို ရွေးဝယ်ပါ။ တချို့ ဦးထုပ်တွေက အစည်းပြားအတွင်းမှာ နားရွက်နွေးအောင် Fleece lining ထည့်ထားတတ်ပါတယ်။ နောက်တစ်မျိုးကတော့ အဲဒီ့ fleece lining ပါတဲ့ Headband တွေပါ။ သူတို့ကို အားကစားလုပ်တဲ့ နေရာမှာ သုံးကြပါတယ်။

နှာခေါင်းရယ်၊ ပါးစပ်ရယ်၊ လည်ပင်းရယ် နွေးအောင်ဆိုရင် ပဝါ ကောင်းကောင်းသုံးပါ။ နှာခေါင်းအုပ်တဲ့ အထိဝတ်ပါ။ သိုးမွေး ပဝါတွေရှိသလို Polyester၊ Viscose နဲ့ လုပ်တဲ့ ပဝါတွေရှိပါတယ်။ သူတို့က လည်ပင်းယားတာတို့ အိုက်လာတာတို့ ဖြစ်တတ်ပါတယ်။ ခြူး သုံးလို့ ကြိုက်တဲ့ ပဝါမျိုးကတော့ Neck warmer လို့ခေါ်ပါတယ်။ သူကတော့ အားကစား သမားတွေသုံးတာပါ။ ပေါ့ပေါ့ပါးပါးနဲ့ နွေးပါတယ်။ သူ့ကို့ Polyester Wool blend ရှာဝယ်ကြည့်ပါ။

လက်အိတ် လက်အိတ်ကတော့ ပုံစံမျိုးစုံ၊ အသားမျိုးစုံနဲ့ လာပါတယ်။ ခြူးကတော့ လက်အိရွေးမယ်ဆိုရင် လေဓံခံနိုင်မယ့် အပေါက်မပါတဲ့ လက်အိတ််မျိုး ရွေးစေချင်ပါတယ်။ လက်အတ်က ဘယ်လောက်ပဲ ထူထူ၊ အချိန်တန်တာနဲ့ လက်ချွေးထွက်လာမယ်၊ အေးလာမယ်။ ဒီတော့ leather အတု လက်အိတ်မျိုး ဖြစ်ဖြစ်၊ စကီးလက်အိတ်လို မျိုးကို အပါးချုပ်ထားတဲ့ လက်အိတ်မျိုး ဖြစ်ဖြစ် ရွေးစေချင်ပါတယ်။

ခြေထောက် ခြူးကတော့ အရမ်းအေးလာပြီဆိုရင် Thermal tights / leggings ဝတ်ပြီး အပေါ်က ဂျင်းဘောင်းဘီ ဝတ်ပါတယ်။ ဖိနပ်ကို အကောင်းစားကြီး စျေးကြီးပေးဝယ်စရာ မလိုပါဘူး။ အဓိကက လေမတိုးတဲ့ ဖိနပ်သား၊ ခြေ မျက်စိပေါ်ထိ ရှည်တဲ့ ဖိနပ်မျိုး၊ နှင်း သို့မဟုတ် မိုးတို့ ဖိနပ်အတွင်းပိုင်းထဲ လွယ်လွယ်ကူကူ မဝင်နိုင်တဲ့ ဖိနပ်မျိုး ရှာပါ။ ခြေထောက်နွေးအောင်လို့ ခြေအိတ် နွေးနွေး ဝယ်ပါ။ သိုးမွေး ခြေအိပ်ဆိုရင် ပိုကောင်းပါတယ်။ နောက်ပြီး ဖိနပ် ခြေဖဝါးအောက်မှာ Thermal insole ခံပြီးဝတ်လို့လဲ ရပါတယ်။

အထက်ပါ အလွှာတွေဝတ်ပြီး ပူအိုက်လာပြီ ဆိုရင် ပထမဦးဆုံး mid-layer ကို ဖြုတ်ပါ၊ နောက် လက်အိတ်ကို ဖြုတ်ပါ၊ နောက်ပြီးမှ ပဝါ သို့မဟုတ် ဦးထုပ်ကို ဖြုတ်ပါ။ ကဲဒီလောက်ဆိုရင်တော့ စာဖတ်သူက အေးတဲ့ နိုင်င်ံမှာ ပညာသင်မယ်ဆိုရင် ရာသီဥတုဓံကို ကြောက်စရာ မလိုတော့ပါဘူး။ ခြူး ပြောတဲ့ ထဲမှာ ဆောင်းတွင်း အဝတ်အစားနဲ့ ပတ်သက်ပြီး ကျန်ခဲ့တာ ရှိရင်လဲ comment ထဲမှာ ရေးပေးခဲ့ပါဦး။ ____ စာဖတ်သူများရှင်။ ခြူးရဲ့ ဒီပို့စ်လေးကို ဖတ်ပြီး တစ်ခုခု အသစ် သင်ယူလေ့လာရတယ်ဆိုရင်တော့ Like & share လုပ်ပြီး ခြူးရဲ့ Check-in with Chyuu page လေးကို support လုပ်ပေးသွားပါ။

စာဖတ်သူများ တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်။ 💕

ခြူးရဲ့ ဒီဆောင်းပါးလေးကို ဖတ်ရတာ ကျေနပ်တယ်၊ နောက်ဆက်ပြီး ဆောင်းပါးများ ထပ်ရေးနိုင်အောင် အားပေးချင်တယ် ဆိုရင် ခြူးကို ဒီလင့်(ခ) လေးကနေ စာအုပ်ဝယ်ပေးလို့ ရတယ်နော်။